ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေယေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။
ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောအခါ
ပုတတ်ကယ် ယုန် ခါ၊ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ ဝံပုလွေ
မနေထွက်လာသည်တည့်လေး။
ဝမ်းသာအားရ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်
လင်ကတစ်သွယ်၊ ယုန်ငယ်ကစ
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ
အိတ်မှာသာ ယူ၍ ချသည်နှင့်လေး။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။
နှစ်ဒေါင်းလန်းကြီး၊ ခူးပြီးသောခါ
သမီးနှင့်သား၊ များလို့မဝင်သာ
ဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ငယ်နှင့်လေး။
ငုံလျက်ကိုယ်စီသာ
ဆုပ်ကာလွေးတော့သည်။
ပြီလျှင်ရေမရှာ
ခွေးသာကျွေးတော့သည်။
ဝန်ကြီးသဒေသရာဇာ (အင်းဝခေတ်)
0 မှတ်ချက် :
Post a Comment