2010/08/25

သခင်မြ
(၁၈၉၇ - ၁၉၄၇)

၁၈၉၇ - အောက်တိုဘာ ၇၊ ကြာသပတေးနေ့တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့တွင် အဖ သစ်ကုန်သည် ဦးဘိုးချွန်၊ အမိ ဒေါ်သက်လယ်တို့မှ မွေးဖွားသည်။ ငယ်နည်မှာ မောင်မြရွှေ။

၁၉၁၂ - သာယာဝတီ အေဘီအမ်ကျောင်းတွင် ၈ တန်းမှ ၁၀ တန်းထိ၊ ၇ တန်းကို စကောလားရှစ်ဖြင့် အောင်မြင်။

၁၉၁၂ - ရန်ကုန်ဘက်ပတစ်ကျောင်း ၈ န်းမှ ၁၀ တန်း ၁၉၁၅ အထိ အပညာသင်။

၁၉၁၆ - မြန်မာပြည်တွင် ပထမဆုံးကျောင်းသားများအသင့်ဖြစ်သည့် ကြည့်မြင်တိုင် စတူးဒင့်ယူနီယံကလပ် (Students' Union Club) ကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့။

၁၉၁၈ - ရန်ကုန်ကောလိပ်နှင့် ကာလကတ္တား ယူနီဘာစီတီမှ အိုင်အက်စီ ဓာတုဗေဒ ဂုဏ်းထူးဖြင့်အောင်မြင်။

၁၉၂၀ - ဒီဇင်ဘာ၊ ရန်ကုန်ကောလိပ်သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်။

၁၉၂၁ - ဧပြီ ၈၊ အမျိုးသားကျောင်းများဆိုင်ရာ စီမံအုပ်ချုပ်မှု ကော်မတီတွင် တွဲဖက်အကျိုးဆောင်အဖြစ် တာဝန်ယူခဲ့။

၁၉၂၂ - ကြည့်မြင်တိုင် အမျိုးသားနေရျင်နယ်ကျောင်းတွင် အထက်တန်းပြဆရာအဖြစ် တာဝန်ယူခဲ့။

၁၉၂၃ - အမျိုးသားကျောင်းများ အစိုးရအထောက်အပံ့ယူသည်ကို မကျေနပ်၍ အမျိုးသားပညာရေးကောင်စီမှ ထွက်ခဲ့။

၁၉၂၄ - ဒီဇင်ဘာ ၁၁၊ ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီဓာတုဗေဒဖြင့် အောင်မြင်ခဲ့။

၁၉၂၅ - ရန်ကုန်မြို့ အစိုးရအထက်တန်းကျောင်းကြီးတွင် ပထမဆုံးသော သိပ္ပံဘာသာပြ ဆရာအဖြစ်တာဝန်ယူခဲ့။

၁၉၂၆ - မတ်လတွင် ခေါ်ခင်ညွန့်နှင့် လက်ထပ်။

၁၉၂၇ - အီဘယ်(လ်)ဝတ်လုံ စာမေးပွဲအောင်မြင်ခဲ့။

၁၉၂၈ - ယာသာဝတီသို့ ပြောင်းရွှေ့ပြီး ဝတ်လုံဘဝအဖြစ် စတင်အသက်မွေး။

၁၉၃၀ - ဆရာစံအရေးတော်ပုံမှ ပေါက်ဖွားသော အမှုများတွင် နောက်လိုက်ငယ်သား သူပုန်များအတွက် ရှေ့နေလိုက်ခဲ့။

၁၉၃၁ - သာယာဝတီကင်းထောက်အဖွဲ့တွင် စကောက် ကော်မရှင်နာဖြစ်ခဲ့။

၁၉၃၆ - ဇွန် ၂၇၊ မြင်းခြံမြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသို့ တက်ရောက်ပြီး ' သခင်မြ ' ဖြစ်လာခဲ့။ ဇူလိုင် တို့ဗမာအစည်းအရုံး၏ ကိုယ့်မင်းကိုယ့်ချင်း အလုပ်အမှုဆောင်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့။

၁၉၃၇ - သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ် ရွေးကောက်ပွဲတွင် ဥပဒေပြုလွှတ်တော် သခင်အမတ်လောင်းအဖြစ် အရွေးခံရ၊ ပထမလွှတ်တော် အစည်းအဝေးမှာ ဘုရင်ခံ မိန့်ခွန်းကို မကျေနပ်သဖြင့် ထိုင်ကာ ဆန္ဒပြသည့်အပြင် လွတ်တော်တွင် ဗမာစကားပြော၍ အဆိုသွင်းသည်ကို ဗမာစကားပြောရရေးကို တိုက်ခဲ့၊ လွှတ်တော်အမတ်အဖြစ် လစာကိုလည်း မယူခဲ့။

၁၉၃၈ - မတ် ၂၂၊ ပြည်မြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံးညီလာခံတွင် အမှုဆောင်ဖြစ်ခဲ့။ ဧပြီ ၈၊ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ရေနံမြေအစည်းအရုံး၊ ညီလာခံကြီးတွင် ' အလုပ်သမားတိုက်ပွဲနှင့်  ဇွဲ' အကြောင်း ဟောပြော။

၁၉၃၈ - နိုင်ဝင်ဘာလ ၂၀၊ သခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့တွင် စာရင်းစစ် တာဝန်ယူခဲ့။ ဒီဇင်ဘာ ၂၀၊ ကျောင်းသားအရေးတော်ပုံတွင် အင်္ဂလိပ်အစိုးရကို မကျေနပ် အမတ်အဖြစ်မှ နုတ်ထွက်ခဲ့။

၁၉၃၉ - ဇန်နဝါရီ ၉၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး ဥက္ကဋ္ဌ။ ဖေဖော်ဝါရီ ၁၆၊ ကြားရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်းအမတ်အဖြစ် ပြန်လည်အရွေးခံရ။ ဧပြီ ၇၊ မော်လမြိုင်မြို့တွင် ကျင်းပသော ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ တို့ဗမာအစည်းအရုံး စတုတ္ထအကြိမ် ညီလာခံတွင် အမှုဆောင်။ စက်တင်ဘာ ၂၇၊ ရေနံမြေသပိတ်စုံစမ်းရေးကော်မတီတွင် အဖွဲ့ဝင်။ အောက်တိုဘာ ၁၊ ဗမာ့ထွက်ရပ်ဂိုဏ်းတွင် တို့ဗမာအစည်းရုံးအမှုဆောင်။

၁၉၄၀ - သြဂုတ် ၈၊ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့ လွတ်လပ်ရေးအတွက် ပြည်အကူအညီရှာဖွေခရီးထွက်နိုင်ရန် ဆွေးနွေးကူညီခဲ့ရာတွင် ပါဝင်ခဲ့။

၁၉၄၁ - မတ် ၁၄၊ ပဲခူးမြို့ ရွှေမော်ဓောစေတီခြေရင်း၌ ကျင်းပသော စတုတ္ထအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးတွင် သဘာပတိအဖြစ်ဆောင်ရွက်။ ကျောက်တော်မြို့၌ ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံသဘင်၌ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ်တက်ရောက်။

၁၉၄၂ - ဖေဖော်ဝါရီ ၁၆၊ သံဖြူဇရပ်တွင် ဗိုလ်တေဇ၊ သခင်ထွန်းအုပ်၊ ဗိုလ်လက်ျာ၊ ကိုလှမောင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့။ ဇွန် ၄၊ 'ဗမာပြည် ယာယီဗဟိုအစိုးရ' အဖွဲ့တွင် ဒုတိယ ဝန်ကြီးချုပ်တာဝန်ယူ။

၁၉၄၃ - မတ်၊ ဂျပန်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ ဂျပန်ပြည်သို့ ထွက်ခွာရာတွင် ပါဝင်ခဲ့။ မေ ၈၊ ဂျပန်အာဏာပိုင်တို့၏ ' ဗမာ့လွတ်လပ်ရေး စီစဉ်မှု' အဖွဲ့တွင် အဖွဲ့ဝင်။ သြဂုတ် ၁၊ ဂျပန်ပေးသော လွတ်လပ်သည့် ဗမာပြည် အစိုးရအဖွဲ့သစ်တွင် ဒုတိယ ဝန်ကြီးချုပ်။

၁၉၄၄ - သြဂုတ်၊ ဂျပန်ကို ပြန်လည်တော်လှန်အတွက် နိုင်ငံရေးပါတီများနှင့် ဗမာ့တပ်မတော်တို့ ပူးပေါင်း၍ ဖက်ဆစ်တိုက်ဖျက်ရေး ပြည့်သူ့အဖွဲ့ချုပ် (ဖတပ) ဖွဲ့စည်းရာတွင် ပြည့်သူ့အရေးတော်ပုံပါတီမှ ဦးဆောင်ပါဝင်ခဲ့။

၁၉၄၅ - မတ် ၂၇၊ ဂျပန်တော်လှန်ရေးအတွက် တော်လှန်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဂျပန်ကိုအယုံသွင်းရန်။ အကျဉ်းချထားခြင်းခံရသော ဂျပန်လက်မှ လွတ်မြောက်ရေး ဆောင်ရွက်ရန် တာဝန်များ ပေးအပ်ခြင်းခံရ။ စက်တင်ဘာ ၁၊ ပြည်သူ့အရေးတော်ပုံပါတီကို 'မြန်မာပြည်ဆိုရှယ်လစ်ပါတီ'ဟု ပြောင်းလွှဲဖွဲ့စည်းခဲ့ရာတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့။

၁၉၄၆ - မတ် ၄၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရခိုင်ပြည်နယ် အခြေအနေကို စုံစမ်းလေ့လာရန် ခရီးထွက်။ ဇွန် ၆၊ ဖဆပလ အဖွဲ့ချုပ်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဘေ၊ ပျော်ဘွယ်ဦးမြ၊ မန်းဘခိုင်တို့နှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် မြန်မာပြည်အခြေအနေကို တွေ့ဆုံးဆွေးနွေးခဲ့။ ဇူလိုင်၊ သခင်ချစ်မောင် ' လယ်သမားကို ဘာထင်သလဲ ' စာအုပ်မှာ နိဒါန်းရေး။ စက်တင်ဘာ ၂၁၊ ကန်တော်မင်းပန်းခြံမှာ ကျင်းပသော အလုပ်သမားထုကြီး၏ စက္ကူဖြူစီမံကိန်း ကန့်ကွက်ပွဲကြီးတွင် သဘာပတိအဖြစ်ဆောင်ရွက်။ စက်တင်ဘာ ၂၆၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့သစ် (အမျိုးသားယာယီအစိုးရ) တွင် ပြည်ထဲရေးနှင့် တရားရေးဝန်ကြီးအဖြစ် တာဝန်ယူ။

၁၉၄၇ - ဇန်နဝါရီ၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော လန်ဒန်သွားမည့် မြန်မာ့ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့။ ဖေဖော်ဝါရီ ၂၃၊ ကြားဖြတ်ယာယီအစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းရာတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး။ ဇွန်၊ ပထမအကြိမ် တိုင်းပြပြည်ပြုလွှတ်တော် အစည်းအဝေးတွင် ယာယီသဘာပတိ။ မြန်မာနိုင်ငံတော် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲရေး ကော်မတီဝင်။ ဇူလိုင် ၁၉၊ ဗိုလ်ချုပ်အောင်ဆန်း၊ အခြားခေါင်းဆောင်ကြီးများနှင့်အတူ ဂဠုန်ဦးစောနှင့် မသမာသူတို့၏ လက်ချက်ဖြင့် နံနက် ၁၀ နာရီ ၃၇ မီနစ်တွင် အသက်ဆုံးရှုံးခဲ့ရသည်။

အောင်မြင်ဦး (မန္တလေး)

စာကိုး
၁။ ချစ်မောင်၊ သခင်၊ ဝိဓူရ "အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး သခင်မြ"
၂။ တို့ဗမာအစည်းအရုံးသမိုင်းပြုစုရေးအဖွဲ့ "တို့ဗမာအစည်းအရုံး" (ပထမတွဲ+ ဒုတိယတွဲ)။ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၆။
၃။ ဖိုးအောင်လေး " မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း" ရန်ကုန်၊ စာပေဗိမာန်၊ ၂၀၀၄။
၎။ အာဇာနည်နေ့ အထူးထုတ် စာစောင်များ၊ သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ။

မြန်မာသစ်ရသစုံ မဂ္ဂဇင်းမှ ကူးယူသည်။

0 မှတ်ချက် :

Post a Comment