2010/08/25


၁။ ခါနွေလေပြန်၊ သူရကန်မူ၊
ဆူထန်တက်ကြွေ့၊ ပူလျှံငွေ့ကို၊
မတွေ့သဘော၊ နှမြော၏သို့၊
မပျို့သည့်သွင်၊ ညွန့်မရှင်လို။
မိုဃ်းတွင်စိုလွန်း၊ နွေညွှန်းပူတောင်း၊
မသင့်ကောင်းဟု၊ ခါဆောင်းနှင်းသွဲ့၊
မင်းလွင်ဖွဲ့မှ၊ ပြဲ့ပြဲ့ညှာချီ၊
ဖူးပွင့်ညီသား၊ ပြီပြီချင့်လို၊
အကျင့်ချိုသည်၊      ၊ အို,ဘယ့်တော်ဝင် ပန်းသဇင်။

၂။ ခတ္တာခတ္တရီ၊ နှင်းဆီဂန္ဓမာ၊
ဇီဇဝါအင်ကြင်း၊ ရင်းမာသော်က၊
ပန်းမျာ့ထိုထို၊ မြေကိုမှီတွယ်၊
ဖူးပွင့်ချယ်ကို၊ ဘယ်ဝယ်မတ၊
ရနိုင်သည်ပင်၊ ညွန့်ရှင်ခက်ဝေ၊
မြေနှင့်တရံ၊ မဆက်ဆံသား၊
ပန်းပျံထွတ်ချာ၊ သင်ဝတ်လွှာမှာ၊
ခက်စွာဝေသီ၊ မြင့်ပင်ဆီဝယ်၊
ရော်ရီစရာ၊ တ,ကာလှိုက်ဖို၊
ဆွေးဘွယ်ပိုသည်၊      ၊ အို,ဘယ့်တော်ဝင် ပန်းသဇင်။

၃။ ယဉ်နွဲမြင့်ပြန်၊ သင့်အဟန်မူ၊
သဏ္ဌာန်ငွောကြူ၊ သီတဂူလို၊
ဖြူသန့်ရှင်းစင်၊ ကြင်စချင့်ဘွယ်၊
မြင်တင့်တယ်သား၊ ချယ်လှယ်ရနံ့၊
မွှေးပျံ့ပျံ့မှာ၊ လွတ်စံ့ပြိုင်ကင်း၊
ကြိုင်သင်းဘဝင်၊ စိမ့်စိမ့်ပင်တည့်၊
ဇင်မင့်သီခေါင်၊ မြင့်ယောင်ထိုထို၊
ယူခက်ပိုသည်၊      ၊ အို,ဘယ့်တော်ဝင် ပန်းသဇင်။

၎။ ပန်းမြတ်မဟာ၊ ဇင်သာခွါမှာ၊
ဖြာဖြာကိန္နရီ၊ တူခဲ့ပြီကြောင့်၊
အညီတမျှ၊ စိတ်လှဖြူဖြူ၊
ကျင့်မူမြင့်မြတ်၊ ကြင်တတ်သသူ၊
ပန်ယူဆင်သင့်၊ ကဲလွန်တင့်လိမ့်၊
မြှော်ချင့်တွေးပြန်၊ စိတ်ကျည်းတန်နှင့်၊
သွင်ဟန်မှုနည်၊ ဆိုညစ်ရည်သား၊
မတည်နှလုံး၊ သူယူသုံးမူ၊
ရွှင်ပြုံးသနစ်၊ သင့်အဖြစ်မှ၊
ညှိုးဆစ်ပျောင်းမြန်း၊ မလန်းနိုင်ပြီ၊
စိုးနှောင့်သီခဲ့၊ ရီဝေသွင့်ချို၊
သင့်နဂိုရ်သည်၊      ၊ အို,ဘယ့်တော်ဝင် ပန်းသဇင်။

မောင်အေးမောင်

0 မှတ်ချက် :

Post a Comment