2010/11/22

(က)
ဘုန်းတော်အောင်ပန်း၊ ညောင်နန်းမဏ္ဍိုင်
ပလ္လင်ဘူမိ၊ ဗောဓိခရိုင်
ပြိုင်ဆိုင်ရန်လှေး၊ မာန်ဘေးခုတ်ချိုင်
သစ္စာပန်း၊ ဆင်မြန်းရွှေလက်ကိုင်...။

(ခ)
ရေမြေဘ၀ဂ်၊ ပျံတက်ဆူဝေ
နတ်လူညွှတ်ဦး၊ ထွတ်ဖူးပရမေ
သတ္တာသတ္တ၊ ပြောင်းကြွကွန့်ချေ
ရွှေအိမ်နန်း၊ စံမြန်းတဲ့ခါလေ...။

(ဂ)
ဟေတူဟေတု၊ မြေထုလှိုင်ခုံ
ရွှေဉာဏ်တော်စွမ်း၊ ပဋ္ဌာန်းအစုံ
ဆင်ခြင်တုံဘိ၊ ပဋိနုလုံ
ကိုယ်တော်ကြီး၊ ရေမီးဝိုက်သိုင်းခြုံ...။

၁။ နီလရောင်ခြည်တော်
ဆံကေမြကုံး၊ မျက်လုံးမျက်တောင်
မုတ်ဆိတ်တော်များ၊ မြသားအရောင်
အစိတ်စိတ်မှ၊ ဖိတ်ဖိတ်ညိုမှောင်
ထိန်ထိန်လျှမ်း၊ တိမ်ပန်းအာကာဘောင်...။

မြရောင်ပီသ၊ နီလခေါ်ဆို
စိမ်းပြာမှောင်ခဲ၊ အောင်မဲအညို
ထွက်ကွန့်မြူးတော့၊ ကြည်နူးဖွယ်ကို
နီလာယပ်၊ လွှဲခတ်နေသလို...။

ကြည်ညိုလှိုင်တုန်း၊ မြိုင်လုံးပွင့်ဟန်
တိမ်ညိုပုဆိုး၊ ဖြန့်မိုးပြတာန်
ဥဒေါင်းလည်ရေး၊ မြသွေးသဏ္ဍာန်
တခွင်လုံး၊ ရွှင်ပြုံးမြရေကန်...။

၂။ ပီတရောင်ခြည်တော်
အရေတော်ပါး၊ ရွှေသားသင်္ဂီ
ဝါလျှံထိန်ဝင်း၊ ကိုယ်တွင်းအဆီ
ကြည်ကြည်ပလို့၊ ပီတရံသီ
တလက်လက်၊ ထွက်ပေါ်ပြန်ကြပြီ...။

နေရောင်ထိုးယှက်၊ ပြိုးပျက်ရွှေတောင်
ရွှေရည်ရွှေမိုး၊ စွေဖြိုးသယောင်
ရွှေပြတာန်မိုး၊ ပြိုးပြိုးပြောင်ပြောင်
လွှဲလွှဲခတ်၊ ရွှေယပ်ရာသောင်းထောင်...။

မဟာလှေကား၊ စကားရွှေနွယ်
ရွှေရောင်ဓာတ်သန်း၊ လျှပ်ပန်းသဖွယ်
ရှုမခန်းပဲ၊ ဆန်းဆန်းကြယ်ကြယ်
တိုက်အလုံး၊ ရွှေကုံးဆင်သခြယ်...။

၃။ လောဟိတရောင်ခြည်တော်
လျှာတော်နှုတ်ခမ်း၊ နီမြန်းစုံညီ
ခြေလက်နှစ်ပါး၊ ဖ၀ါးအနီ
ကိုယ်တော်အသွေး၊ တွေးတွေးရံသီ
ထွက်ကွန့်မြန်း၊ စက်ပန်းခိုင်နှင်းဆီ...။

ပတ္တမြားကြီး၊ နေမီးတူပြိုင်
နီတွေးရောင်လျှမ်း၊ ခေါင်ရမ်းအခိုင်
တိမ်ပန်းတိမ်ညွန့်၊ လိမ်တွန့်ဆိုင်ဆိုင်
ရဲရဲနီ၊ မဏိကျောက်ဂူလှိုင်...။

ကမ္ဗလာဖဲ၊ ရဲရဲရစ်ရုံ
ပြတာန်ဖြန့်မိုး၊ နီမျိုးအစုံ
မဏိယပ်ဆွဲ၊ ခန့်လွှဲသည့်ပုံ
တိုက်ခပင်း၊ အလင်းဝိုက်သိုင်းခြုံ...။

၎။ သြဒါတရောင်ခြည်တော်
စွယ်တော်လေးဓာတ်၊ သွားမြတ်လေးဆယ်
ဥဏ္ဏလုံမွေး၊ ဖြူဖွေးအနွယ်
မျက်ဖြူတော်မြတ်၊ ရိုးဓာတ်သွယ်သွယ်
သြဒါတ၊ ဖြူဆွ လွန်စင်ကြယ်...။

စံပယ်ကြက်ရုံး၊ ဇွန်ကုံးပန်းမာလ်
ဘွဲ့ဖြူပုဆိုး၊ ဖြန့်မိုးပြတာန်
ပုလဲဆင့်လို့၊ ရွဲနှင့်ဖလ်မှန်
အရှိန်ဟပ်၊ စိန်လျှပ်ပုံသဏ္ဍာန်...။

စိန်ကျော်ခပဲ၊ မြှောက်ကြဲမှောက်သွန်
သုန်သုန်လေဖြူး၊ ရေပန်းတံခွန်
ငွေရေလျဉ်ကြီး၊ ကျစီးငွေပြွန်
ဖြူရောင်ဖွေး၊ ရောထွေးလိမ်ယှက်လွန်...။

ငွေပုဏ္ဏိန်စန်း၊ လနန်းယှဉ်ဆောင်
ယုန်ဖြူစက်ဝန်း၊ တက်ထွန်းသယောင်
နွဲ့တသိမ့်သိမ့်၊ ငြိမ့်ငြိမ့်ပါအောင်
ခတ်လေငြား၊ ငွေးသားငွေယပ်တောင်...။


ဘုံနယ်တလွှား၊ ဘော်သားဘော်ဆိုင်
ကြယ်စုံသောက်ရှူး၊ တောက်မြူးအပြိုင်
ဖြူရောင်ယှက်လို့၊ ဘ၀ဂ်ဘုံတိုင်
ဆင့်ဆင့်ပြေး၊ ဖြူဖွေးဘယ်ဆုံးနိုင်...။

၅။ မဉ္ဇိဋ္ဌရောင်ခြည်တော်
ဆံတော်အဖျား၊ ဖ၀ါးတော်တိုင်
ရွှေကိုယ်တော်လုံး၊ ပတ်ကုံးတပြိုင်
အစိတ်စိတ်မှ၊ ဖိတ်ဖိတ်ရောင်ဆိုင်
မဉ္ဇိဋ္ဌ၊ ထွက်ကြွကွန့်မြူးလှိုင်...။

သပြေမှည့်ကြီး၊ အသီးရောင်ပေ
မိုးကြိုးရည်ကောင်း၊ နီမောင်းသလေ
ခရမ်းရင့်ရင့်၊ ပန်းပွင့်ပုံနေ
ရှုမညောင်း၊ ရောင်မောင်းလျှံကွန့်ဝေ...။

၆။ ပဘဿရရောင်ခြည်တော်
နီထွေးနုထွား၊ ဖ၀ါးတော်စုံ
ရောင်လျှံတော်ဆုံး၊ ကိုယ်လုံးအကုန်
အစိတ်စိတ်မှ၊ ဖိတ်ဖိတ်ရောင်ဟုန်
ပြိုးပြိုးပြက်၊ မြန်းထွက်ကြလေပုံ...။

ဆေးစုံစပ်နှော၊ မြတ်သောရောင်ရှိန်
မီးပန်းလျှပ်ပန်း၊ နတ်နန်းဝတိံ
ဥက္ကာကြယ်ကြီး၊ ညီးညီးထိန်ထိန်
နေရောင်ယှက်၊ ဒေါင်းကွက်ရတီစိန်...။

ယိမ်းတနွဲ့နွဲ့၊ စိမ်းလဲ့ဝါရောင်
ပန်းစုံဆင့်နွှဲ၊ လွှင့်ကြဲသယောင်
မိလ္လာဆန်းတဲ့၊ တိမ်ပန်းတိမ်တောင်
လက်လက်လျှမ်း၊ ပြက်သန်းနေသောင်းထောင်...။

ရောင်ခြည်တော်ခြောက်ပါး ကွန့်မြူးဟန်
ခြောက်ဖြာလူးလွန့်၊ မြူးကွန့်ရောင်ဝေ
ကျောက်မျိုးစိန်မျိုး၊ မှိန်ညှိုးသလေ
ဘုံဗြဟ္မာနတ်၊ ပြသာဒ်ဆောင်တွေ
ထွန်းနိုင်ပဲ၊ ပြာမွဲမှောင်ရချေ...။

စိန်ရောမြရော...၊ မှိန်သောရောင်ခြည်
နေ၀န်းလ၀န်း...၊ ပထွန်းမကြည်
ဗြဟ္မာဂိုဏ်းနှင့်၊ နတ်တိုင်းရွှေပြည်
နေရောင်ဖုံး၊ ပိုးစုန်းတူကြသည်...။

လောကဓာတ်လုံး၊ မဆုံးနိုင်ပေါင်
ဒိသာဆယ်ခန်း၊ ကြွမြန်းအရောင်
မြေထုရေထု၊ လေထုကုန်အောင်
ဆင့်ဆင့်စွဲ၊ တင့်ကဲထိန်တောက်လောင်...။

ပဋ္ဌာန်းသိမ်မွေ့၊ ရှိန်ငွေ့တော်ပင်
ခြောက်ဆူရောင်ဖြိုး၊ တန်ခိုးအရှင်
ဆဗ္ဗဏ္ဏဟု၊ မည်ရကျော်ထင်
ဦးညွတ်တွား၊ ဘုရားမြတ်သခင်...။

ကြည်ညိုလေးမြတ်၊ ရေးစပ်နှိုင်းချိန်
လယ်တီပဏ္ဍိ၊ က၀ိက၀ိန်
သဒ္ဓါပွားလို့၊ နာကြားမြိန်မြိန်
ရွတ်ဆိုးပေး၊ လှူပေးဉာဏ်စက်ရှိန်...။

0 မှတ်ချက် :

Post a Comment