စစ်ကိုင်းမြီု့ ကောဇာ ၈၆၈ ခုနှစ်၊ ကျောင်းဆောက်လုပ် ဝတ္ထုကံမြေလှူသော ရွှေနန်းကြော့ရှင်နရပတိ အထိန်းတော်ကျောင်းကျောက်စာ။
(၁၉၀၀ ပြည့်နှစ်တွင် အစိုးရမင်းစုဆောင်း၍ ပုံနှိပ်ထားသော မြန်မာပြည်ကျောက်စာ စာအုပ်မှ ထုတ်နုတ်သည်။)
မှတ်စိမ့်ရှေးနှောင်း လူနတ်ပေါင်းတိုဝ့် တစ်သောင်းကျွန်းထိပ် ဘုန်းရောင်နှိပ်လျက် တံဆိတ်မှန်ကင်း မင်းထက်မင်းတွင် ဖြူဝင်းတံခွန် ကျွန်းလုံမွှန်သား ဆက်ဒန်1 ရတနာ ယဉ်သာပြောင်းကြီး ဥဒါန်းခီးသား2 တစီးရှင်တိုဝ့် နွယ်ပင်မျိုဝ်းရိုဝ်း မိုဝ်းညှင်းစိုဝ်းသား သတိုးရန်နင်း ဖေးတော်မင်း၏ ရင်တွင်းသည်းကြား ဖရာထားသော တြားနရပတိ ရာဇာဓိနှင့် သီရိမည်သာ နရာလူဖျား မင်းတြားဟု ဝန်းလျားကျိုက်ဆူ တမွတ်မူမှ ဇမ္ဗူတန်ဆောင် ထွန်းဝင်းပြောင်သော မင်းခေါင်သီဟ နရိန္ဒလျှင် လောကတံခွန် စံညီလွန်သော ပြင်းထန်ပရမေ ထိန်ထိန်ဝေသား သပြေသိခင် နတ်ရှင်နရပတိ ပဝရမဟာဓမ္မရာဇာဓိရာဇာဓိပ္ပတိ မည်တော်ဟိ၏3 အထိန်းတော်တစ်မူလည်းဖြစ်ထသော မြစ်တွင်းစားသောမင်း ရမည်းသင်းစားမိဖုရား ရွှေတောင်ကျွန်းသီး ညောင်ရင်း တပည်သျှင်4မြေ ကိုဝ်းသန်းနှင့်အကွ အစိုဝ်းရသော ရာဇသင်္ကြံဟူသ အမတ်ကြီး အတွင်းတောင်နှင့်အကွ မြောင်လှစားသောမိဖုရား။ ဤမျှလောက် သားတော် သမီးတော်တိုဝ့်၏ မဲတော်သည်5 မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာ ကိုဝ်လိုဝ်သောကြောင့် စစ်ကိုင်းမည်သော ပြည်ကြီးအရပ် ဧရာဝတီမြစ်နား၌ ရွှေနန်းသိခင် (ချထားသောမြေရာတွင်) ဆောက်သောရွှေကျောင်း၌ ကိန်းသောသိခင်တိုဝ့်အား (ပစ္စည်းလေးပါးဖြစ်စိမ့်သောငှာ။) သက္ကရာဇ် ၈၆၈ ခု။ နှစ်ကား ပိသျှ6 လကားနတ်တော် ထွန်းပေါ်ဆန်းတက် ဆယ့်ငါးရက်တွင်။ နံနက်တနင်းကနွေနေိ့7 ရွှေဖဝါးတော်အောက်နားတော်လျှောက်၍ လှူသောမြေကား။ ညောင်းရင်းတိုက် ပင်ထယ်တွင်8 ပိတရစ် လက်နက် သန်လဲ9 မုရင်း ပြောင်းခင်း ပဲယာနှင့်အကွသော် ကာ10 လေးချပ်။ ညောင်းရင်းမြေခွန်ထန်းလည်းတစ်ရပ်။ မန်းကျန်းယုန်၌ ငဆောက်ပုလက်နက် ကာ တစ်ချပ်။ လဲတွင်းမှာရစ်ကြည်ရွာနှင့်အကွ ဤမျှလောက်သောမြေကို လှူတော်မူ၏။
စာပိုဒ်ထဲတွင်ပါရှိသည့် အင်္ဂလိပ်စာ ဂဏန်းများသည် ခက်ဆစ်များဖြစ်သည်။
1= ဆက်ဒန်= ဆဒ္ဒန်ဆင်= ဆက္ကဒန္တ (ပါဠိ) = အရောင်ခြောက်ပါးရှိသော အစွယ်ရှိသောဆင်။
2= ဥဒါန်းခီးသား= ဥဒါန်းချီးသား။
3= ဟိ၏= ရှိ၏။
4= တပည်သျှင် (ပေါရာဏ)= ဒီပဲယင်း။ ယခု တပယင်း။
5= မဲတော်သည်= မယ်တော်သည်။
6= ပိသျှ= နှစ်၏အမည်။
7= တနင်းကနွေနေိ့= တနင်္ဂနွေနေ့။
8= ထယ်တွင်= ထဲတွင်။
9= သန်လဲ= သန်လယ်။
10= ကာ= လေးမြားကို ကာကွယ်သော သားရေပြား။
0 မှတ်ချက် :
Post a Comment