သက္ကရာဇ် ၇၅၄ ခုနှစ် မိုးညှင်းစား သိုချည်ဘွား၊ ယောက်ဖ သိုဟန်ဘွားတို့ နိုင်ငံတော်မြေတူးမြို့ကို ထိပါးလေရာ ဘုရင်မင်းကြီးစွာ ကိုယ်တော်တိုင် တိုက်လှေ ၁၀၀၀၊ လှော်ကားကြော့လှေ ၈၀၀နှင့် တကောင်းသို့ ရေကြောင်း ဆန်တော်မူရာ ပညာရှိတို့ ဖွဲ့ဆိုကျူးသီရသော ကြိုး (၃) ပိုဒ်
(၁) ဘုံဆောင်မြင့်၊ ကျောက်စိန် ဖန်ရှိန်လေ၊ ညီးလို့လင်းလင်း။ ကြွားကြွာ မိုးဖျား၊ သီခေါင်လေ၊ ရီမှောင်လေ၊ ဝေးစွာ့ရှင်းရှင်း။ ကိုးမျက်မြွှာငယ်လေ၊ စိုးစကြာငယ်လေ၊ လောကလောင်းမင်း။ ဘုန်းတေဇာငယ်လေ၊ နှုန်းနေဖြာငယ်လေ၊ ထွန်းပပဝင်း။ ရေနန်းဗိမာန်ငယ်လေ၊ ထူးလှကောင်းခြင်း။ ရွှန်းရွှန်းလန်းလို့၊ လျှပ်ပန်း လျှပ်ပန်း၊ တွေးကြသောင်းတွင်း။ သီတာရွှေ ဗွေခင်းငယ်က၊ ရွေတည့်ရွေညီလာ။ ယဉ်ဧရာ၊ ကြယ်ရံကာ၊ သော်တာတွားသို့လေ။ ပြာခြေမှောင်၊ ခွာသွေရှောင်၊ ရွှေဖောင်လားကွန့်။ များလှေရံတည့် များလှေရံ။
ဖောင်ငင်ကြိုး
(၂) ဇေယျာမြို့၊ ရွှေဒွါရွှေလှေ များလှသောင်းသောင်း။ နန်းချင်း နန်းချင်း၊ လှော်ချီလေ ပြိုင်ညီလေ ရေးလှပြောင်းပြောင်း။ တီးရွှမ်းခြိမ့်မောင်း၊ ဧပင်ဧငြိမ့်ညောင်း။ ပျော်ကြောင်းစဉ်လာ၊ ယဉ်တည့်ယဉ်သီတာ။ မိုးမြေချာ ပတ်ကုံးပတ်ကုံး၊ စိုးသိမ်းကျူံး။ ပေါင်းရုံးပေါင်းရုံးဆယ်ဖြာ၊ ဦးတည့်ဦးတင်လာ။ ဖောင်ငင်ရာ၊ ထုံဂန္ဓာ၊ မာလာသင်းပျံ့လေ။ ရွှေရေသီ လေချီချီ၊ ဒေဝီမင်းနှင့် ဆင်းသူဇာလေတည့် ဆင်းသူဇာ။
ဖောက်ဆိုက်ကြိုး
(၃) စိမ်းလဲ့ညိုပြာ၊ ဇေယျာအောင်ခန်း၊ ဖောင်တော်ဆိုက်ကားမြန်းလို့ကို၊ ပြည်ပြည်သူ စုံပေါင်းရှိပန်း။ နန်းမြင့်ယဉ်ဧရာ၊ ပြည့်သောင်းရံဗိုလ်ပါ။ ကြွေးရင့်စည်သံဝါ၊ နှဲနှင့်ရွှေတံမြွှာ။ ဆေးလေးညီညာ၊ သင်္ခါငါးမည်၊ ငြင်းစောင်းသံရှည်ကျူး ဘယ်ရာဝင်ရှေးမှာမှ၊ တူဟန်လေဝေး၊ ထင်ရှေးကြားဖူး။ ထူးချွန်အောင်၊ ကဲလွန်အောင်၊ မြူဝေမှောင်ကင်းပါလို့လေ။ မှန်သိင်္ဂီ၊ ရှင်ရွေညီ၊ ဒေဝီမင်းနှင့်၊ ဆင်းသူဇာလေတည့် ဆင်းသူဇာ။
(ရန်ကုန်မြို့ ဆရာဖီထံမှ ရသည်။)
0 မှတ်ချက် :
Post a Comment