2010/08/20

မထင်မှတ်ဘဲ အမျိုးသားပြတိုက်ကို ရောက်ဖြစ်သွားတယ်၊ အရင်တုန်းကတော့ အရုပ်ကြီး (၃)ရုပ်ကို တွေ့တော့ နေတာပဲ။ ဘာမှတော့ စိတ်ဝင်တစားမရှိခဲ့ပါဘူး။ ကိုထက်ကတော့ အဲဒီကိုသွားချင်တယ်လို့ တစ်ခါက ပြောဖူးပါ တယ်၊ စိတ်မ၀င်စားဘူးလို့သာ ပြန်ဖြေဖြစ်ခဲ့တယ်။ ပြတိုက်ကိုရောက်တော့ ကိုးနာရီ...၊ ဆယ်နာရီမှ ပြတိုက်က ဖွင့်မှာ၊ ဒါနဲ့ တစ်နာရီလောက် ထိုင်စောင့်လိုက်ရတယ်။ 


ဒီလိုနဲ့ ဆယ်နာရီရောက်တော့ ၀င်လို့ရသွားပါတယ်၊ ပါလာတဲ့ပစ္စည်းတွေကိုတော့ ထားခဲ့ရပါတယ်။ ပြတိုက်တွင်း ကို ကင်မရာယူခွင့်၊ ဓါတ်ပုံရိုက်ခွင့် မပေးပါ။ သိပ်တော့ကိစ္စမရှိပါ၊ ကျွန်တော်ကလည်း စိတ်ဝင်တစားသိပ်မရှိတာ မို့ မှတ်စုစာအုပ်တောင် ပါမလာပါ။ ဒီလိုနဲ့ အထဲရောက်မှပဲ ကျွန်တော် မှားသွားပြီလို့ သိလိုက်ပါတော့တယ်။ အဲဒီ လောက်ထိ စုံလင်လိမ့်မယ်လို့ ထင်မထားမိ၊ ဒါပေမယ့် ပြန်လည်ပြုပြင်ခြင်းတော့ တော်တော်နည်းပုံပါပဲ။ နောက် တစ်ခု စိတ်မကောင်းတာက ဒီလောက်စုံလင်အောင် ငွေသန်းပေါင်းများစွာ အကုန်အကျခံထားတဲ့ ပြတိုက်ကြီးမှာ လာကြည့်တဲ့သူ အရေအတွက်က တော်တော်စိတ်ပျက်စရာပါပဲ။ ပြတိုက်ထဲ လျှောက်ကြည့်ရင်း... တွေ့ရတာက တော့ နိုင်ငံခြားသားတွေပဲ ဖြစ်ပါတယ်။ ရယ်တော့လည်း ရယ်ရပါတယ်၊ တကယ်လို့ သူတို့ကများ (မြန်မာစကား တတ်ပြီး) တစ်ခုခုလာမေးခဲ့ရင်... ကျွန်တော် တစ်ခုမှ ပြန်ဖြေနိုင်မှာ မဟုတ်ပါဘူး။

အဲဒါနဲ့ ဆက်စပ်ပြီး... စဉ်းစားမိတာကတော့ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် "မြန်မာ"လို့ ပြောနေကြပေမယ့် ကိုယ့်လူမျိုးအကြောင်း ဘယ်လောက်သိပြီလဲ...၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း ဘယ်လောက်နားလည်ကြပြီလဲ။ သိတယ်/နားလည်တယ်ဆိုရင်လည်း အဲဒါတွေဖြစ်လာဖို့ ဘယ်လိုတွေ လုပ်ခဲ့ကြရလဲ....။ သိတော့သိထားသင့် ပါတယ်။ သိကိုသိရမယ်လို့တော့ မပြောချင်ပါ....၊ စားဝတ်နေရေးကို မနည်းအဆင်ပြေအောင် ရုန်းကန်နေရတဲ့ ခေတ်ကြီးထဲ မသိကြတာကိုလည်း အပြစ်ပြောလို့ရမည်မထင်..?(ဘာပဲပြောပြော ကိုယ့်အကြောင်းကိုယ်တော့ သိထားတာ ကောင်းပါတယ်။)

တစ်ခါက..."နေ့အိပ်မက်" ရဲ့ ပိုစ့်တစ်ခုမှာ မြန်မာစကားအကြောင်းကို ဆွေးနွေးခဲ့ဖူးပါတယ်၊ မြန်မာလူမျိုးတွေ ကိုယ့်မိခင်ဘာသာစကားကို မကျွမ်းကျင်ဘဲ ပြောဆိုသုံးနှုန်းနေကြတယ်လို့ ကျွန်တော်ထင်ကြောင်း ၀င်ပြောခဲ့မိ ပါတယ်။ တစ်ချို့ကလည်း မြန်မာဘာသာစကားဟာ ဖွာတယ်ဆိုပြီး ဆွေးနွေးကြပါတယ်၊ မြန်မာဘာသာစကား ဟာ လုံးဝ မဖွာဘူးလို့ပဲ ယူဆမိပါတယ်။ ကျစ်လစ်တယ်၊ အသေးစိတ် အခေါ်အဝေါ်တွေ ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော်တို့က မသိကြတော့တာ၊ မသုံးတတ်ကြတော့တာပါ။ ဒီအောက်မှာ... မြန်မာအချိန်ကာလ၊ မြန်မာအခြင်အတွယ်၊ မြန်မာအတိုင်းအတာတို့ကို တစ်ချက်ကြည့်လိုက်ပါ။ ဘယ်လောက်များ အသေးစိတ်လဲ... ကျစ်လစ်လဲ... ဆိုတာ တွေ့ရပါလိမ့်မယ်။

အတိုင်းအတာနှင့် ပတ်သက်သည့်ဓာတ်ပုံ
အချိန်ကာလ တွက်ချက်ပုံ

အခြင်အတွယ် တွက်ချက်ပုံ
 တာ (၆၄၀၀) (၁၂ မိုင် ၅ဖာလုံ ၈ သံကြိုး ၄ ကိုက်) ရှိသော အကွာအဝေး [ယုဒသန်၊ စာ - ၈၂၁](ရခိုင် ရာဇ၀င်သစ်တွင်မူ တစ်ယူဇနာသည် ၈မိုင်ခန့် ကွာဝေးသည်ဟု ဖော်ပြ၏။ [ရခိုင်ရာဇ၀င်သစ်၊ စာ - ၇၀]ကိုးခန်းပျို့ဋီကာ ကို ရေးသားပြုစုသော ဦးကျော်ထွန်း ကမူတစ်ယူဇနာသည် အင်္ဂလိပ်မိုင် ၉ မိုင် တိတိ ရှိသည်ဟု ဆိုသည်။ [ကိုးခန်း၊ စာ - ၂၂]

ဒါလေးတွေက... ကျွန်တော်မှတ်သားလာတာလေး အနည်းငယ်မျှသာ ဖြစ်ပါတယ်။ အခြား မြန်မာစာနဲ့ပတ်သက် တာတွေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆက်စပ်တာတွေ.... အားလုံး ပြည့်ပြည့်စုံစုံပြသထားတာ တွေ့ရပါတယ်။

နောက်... ကျွန်တော်က အညာသားဆိုတော့ လှည်းယဉ်(နွားလှည်း)နဲ့ပတ်သက်ပြီး.... မသိတာတွေကိုလည်း တွေ့ခဲ့သိခဲ့ရလို့ ပျော်ပါတယ်။ ဥပမာ- လှည်းဘီးအဖြစ် အရင်က စပ်ဘီးတွေကို သုံးခဲ့ကြတယ်။ နောက်မှသာ အခုလို လှည်းဘီးခွေတွေဘာတွေ ဖြစ်လာတာပါ။ ပုံမှာ ကြည့်လိုက်ပါ၊ ဒါက... ခုခေတ် နွားလှည်းပုံပေါ့။

အရင်က ဒီလို... လှည်းဘီးခွေတွေ မလုပ်နိုင်သေးတော့ ပျဉ်းပြားအထူအမာသားကြီးတွေကို စပ်ပြီးမှ လှည်းဘီး လုပ်ရပါတယ်။ အဲဒီစပ်ဘီးကြီးတွေက အကြမ်းတော့ခံမယ် ထင်တယ်ဗျ၊ ဒါပေမယ့် ဗွက်နစ်ရင်... သေချာပေါက် ပြန်ထွက်ဖို့ လွယ်မှာမဟုတ်ဘူး၊ နောက်... စပ်ဘီးကြီးတွေက လေးတော့ နွားတွေလည်း ပိုပင်ပမ်းလိမ့်မယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်ရင် မြန်မာ့တူရိယာမျိုးစုံကိုလည်း ပြသထားပါတယ်၊ မြန်မာ့ဆိုင်းဝိုင်းကို ပုံစံငယ် လေးနဲ့ ရှင်းပြထားတာ တော်တော်ကောင်းတယ်။ လုံးဝမသိတဲ့သူတောင် အလွယ်တကူသဘောပေါက်နိုင်တယ်။ မြန်မာ့ဆိုင်းဝိုင်းတစ်ခုမှာ ဘာတွေပါလဲလို့ ပြောနိုင်တဲ့သူ.... ခုခေတ်မှာ ခပ်ရှားရှားပဲ၊ ကျွန်တော်တို့လို တောသား တွေတောင် သေချာမသိကြတော့ဘူး။ မြန်မာဆိုင်းဝိုင်းပုံလေးလည်း အသင့်ရှိနေတာနဲ့ တင်ပေးလိုက်ပါတယ်... (တင်ချင်နေတာကတော့ အညာခရီးသွားအက်ဆေး ကတည်းက...)

အင်း... တကယ်တမ်း လိုက်မှတ်မယ်ဆိုရင် အကုန်မှတ်သားစရာတွေချည်းပဲဗျ၊ နောက်ထပ် တစ်ခေါက်လောက် ထပ်သွားရဦးမယ်။ ဒီတစ်ခါတော့ မှတ်စုစာအုပ်လေးပါ ယူသွားရမယ်၊ ဒါမှ ခုလို တွေ့ရာစာရွက်ပေါ်ရေးမလာရမှာ...။ ခင်ဗျားတို့လည်း အချိန်ရရင်... တစ်ခေါက်လောက် သွားလေ့လာကြည့်သင့်တယ်လို့ လက်တို့ပါရစေ....၊ မရရင်လည်း တစ်မျိုးပေါ့ဗျာ....။ 

Img source: "ခေတ်ဟောင်းမြန်မာ့သမိုင်း သုတေသနအဘိဓာန်" စာအုပ်မှ ကူးယူဖော်ပြပါသည်။

တဆင့် MY SOUL ဘလော့ဂ်မှ ကူးယူသည်။
20 Aug 2010

0 မှတ်ချက် :

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.