2010/08/21

မြန်မာသက္ကရာဇ် ၇၉၂ ခုနှစ်၌ ရခိုင်ပြည်တွင် နန်းတက်သော အလိခင်မင်းလက်ထက် အင်းဝဘုရင် ထူပါရုံဒါယကာ နရပတိသည် စစ်ချီလာ၍ ဖိုးခေါင်နွယ်ချိုတောင်သို့ရောက်လေသော် အလိခင်မင်းကလည်း ကမာတွင် ချရပ်နေ၍ အင်းဝမင်းထံသို့ ပေးသည့် ရာဇသံနှင့် အင်းဝမင်းက ပြန်သော ရာဇသံ။

ဣတိပိသော၊ သွက္ခာတော၊ သုပ္ပဋိပန္နော စသော ဂုဏ်တော်တရား သုံးပါးနှင့်အညီ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် မညှိုးမနွမ်းစေရ၊ မူလ သိက္ခာ မင်းသမ္မာတို့ခံသော အဘိသိက်တရား၊ ဆယ်ပါးသော မင်းကျင့်တရား၊ တစ်ဆယ့်နှစ်ဆင့်သော အင်္ဂါ၊ ကြိယာဒသ၊ သတ္တကျက်သရေ၊ လေးထွေသင်္ဂဟ၊ နိစ္စမြဲစွာ အဝိဇ္ဇာနှင့် တဏှာပိတ်ပေါင်း၊ သူမကောင်းနှင့် ကင်းကြောင်း လုံလကိုသာ ပညာဗလပြုလျှက် မင်းတို့အားငါးပါး၌ စရိယ ဆုတ်ယုတ်တတ်သော လက်ရုံးမာန အားကိုပယ်၍ အနီးအဝေးအရွေး ပကတိတရား ခုနှစ်ပါးနှင့် သတ္တဝါတို့ကို စောင့်ထိန်းလျှက် အုပ်ကွပ်စီရင်လေ့ရှိသော မြောက်ဦးမြို့တော်ကြီးအရှင် ကြားရောက်လိုက်သည်၊ အင်းဝရွှေမြို့ရှင် အကြည်တော်၊ လူသတ္တဝါတို့ဓလေ့ စာရိတ္တသီလ၊ ဝါရိတ္တသီလ ထိုနှစ်ပါးကိုသာ ရှည်ကြာမြဲစွဲ ကျင့်ကြံလေသည်။ အသိပညာ သမ္မာတရားတော်ကား မကပ်မရှိခြင်းကြောင့် ဂင်္ဂါဝါလုကံ သဲလုံးအမျှ ပွင့်တော်မူကြသော် ဘုရားမြတ်တို့ အသင်းသို့မဝင်။ သံသရာစက်ရဟတ်ကမထွက်၊ တဏှာညွန်အိုင်၌ ပျော်ပိုက်လျှက် တေဘူမကဝဋ်ဝယ် အမြင့်အနိမ့် တွယ်မြဲဓမ္မတာ ၊ နိဗ္ဗာန်၌ ဖီလာ၊ သမုဒယ သစ္စာကို၊ ထိုသတ္တဝါတို့၌ တစ်ယောက်သောသူအား သမ္မာဉာဏ် တပ်ရောက်မြင်ပြန်သော်၊ အဇ္ဈတ္တ ဗဟိဒ္ဓ ရန်မလွတ်ရာ အတိဇာတ ပဋိသန္ဓေနှင့် စွဲရင်းမှန်၍ နိက္ခဆိတ်ငြိမ်ရာသို့ ထွက်သွားသဖြင့် ကာယဝိညတ်၊ ဝစိဝိညတ်၊ မနောသမတ်နှင့် ထိန်းသိမ်းလျက် သမ္မာပညာတက်မကို ဖြောင့်မတ်စွာကိုလေ၍ အလွန်ကြီးကျယ်သော  ဗလဝါမုခ သမုဒ္ဒရာ ဝဲတဏှာမြစ်က ထွက်ရောက် ကူးမြောက်လေသည်။ အနုဇာတ ပဋိသန္ဓေဖြစ်မူ၊ မိဘပဋိသန္ဓေ ပေးသူတို့၏ ထုံးအစဉ်ကိုသာ ကျင့်ကြံမြဲစွဲလျှက် အသက်ထက်ဆုံးနေလေရာသည်။ အဝဇာတသား ပဋိသန္ဓေနေသော သားသော်ကား ရှေးပညာရှိတို့ထုံးကို မယူ၊ မိဘစဉ်လာစောင့်သော အမျိုးအကျင့်မရှိ၊ ဆိုးသွမ်းပျော်ရွှင် သဘင်လေ့လာ ယစ်မျိုးသောက်စား အတ္တနောမတိ မိမိအကြိုက်ကိုသာ အဘိဇ္ဈာ မတရားဖြင့်ပြုခြင်း၊ ဗျာဒါပများလျှက် သူတစ်ထူးကို ငြိုငြင်လျှက် ဖျက်ဆီးမှု၊ သူ့စည်းစိမ်ကိုကြံခြင်း၊ မိစ္ဆာဒိဋ္ဌိတရား အလွန်ပြုခြင်း၊ တစ်ကြောင်းတုံလည်း သမ္မာသူတော်ကောင်းတို့နှင့် ခေတ္တပေါင်းဖက်ခဲ့ဖူးသော ကျေးဇူးထောက်ပံ့ရာ လောကီစည်းစိမ်ကို ခံစား၍ စကြာရသောမင်းသည် မိစ္ဆာဉာဏ်ပွား၍ သိကြားစည်းစိမ်ကို တက်မက်ချေ၍ ဘဝမခြား ဒိဋ္ဌဓမ္မပျက်စီးကြောင်း ကျမ်းဂန်လာသည်။ သီဓမ္မာသောကမင်းမူလည်း ဇမ္ဗူဒီပါကို အစိုးရဖြစ်လျှက် ထိုမင်း ကံစဲချိန်တန်၍ အမှားကို အမှန်ထင်လေရာ တိရစ္ဆာန်ဘဝသို့ ရောက်လေကြောင်း ကထာစကား ပညာရှိတို့ သက်သပြေညွန်း ဆိုခဲ့လေသည်များကို နှလုံးသွင်း၍ အကြည်တော်လည်း မင်းမည်ကာ မဟုတ်။ အလာကောင်းလျက် အပြန်အစောင်းစေရ။ ကိုယ်ကကွာ၊ သမ္မာရှစ်ထပ်၊ စစ်ကွပ်လိမ္မာ၊ ပညာလက်နက်၊ ပိုပုရွက်သို့၊ စစ်တက်လာကြ၊ လောဘပူပုန်၊ ကုန်အောင်သတ်ဖြတ်၊ အခွာတတ်မှ၊ မြတ်ရာသို့ ရောက်ကြမည့်အကြောင်းကို ကြားလိုက်သည်အကြည်တော်။

အင်းဝမင်းက ပြန်သောရာဇသံ

သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ် တူဟူသော ညေယူဓံတရား ငါးပါးတို့ကို မသိမမြင်တတ်သော အဝိဇ္ဇာ ဖုံးလွှမ်းခြင်းကြောင့် သတ္တဝါတို့ နှစ်မြို့ရှိသည်ကို ကယ်တင်သော သမ္မာဒိဋ္ဌိ၊ အသိအမှန်လုံ့လ၊ အကျင့်ကြံတော်အားထုတ်သော သတ္တိကြောင့် ကင်းရာသော အသင်္ခတဓာတ် အမြဲတည်ရာ နိဗ္ဗာန်ဆိပ်ဦးသို့ ငါးကူးမြောက်ပြီ။ ပုနပ္ပုနံ၊ တစ်ဖန်ငါ့ကို သင်တို့ နှိပ်စက်ခြင်း မပြုရပြီ။ ပထမ ဗုဒ္ဓစကားတော် အနေကဇာတိသံသာရံဂါထာကို ဥဒါန်းကျူးတော်မူပြီးမှ လူသုံးပါးတို့အား ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ တရားကို ဟောတော်မူသည်။ ကုသလာ၊ အကုသလာ ထိုနှစ်ပါးသော တရားတော်ကား ကောင်းကျိုး၊ မကောင်းကျိုးကိုဟူလျက် အစဉ်အားဖြင့် ဉာဏ်နည်းသူတို့ သိလွယ်စွာ။ ထိုမှ မသူတော်တို့၌ ဆက်ဆံမပြုသော မဇ္ဈိမ ပဋိပဒါ၊ သူတော်ကောင်းလက်နက်ဖြစ်သော အဗျာကတာဓမ္မာ တရားတို့နှင့်အညီ နှိဗ္ဗာန်ရောက်ကြောင်း ကောင်းသော လုံ့လကိုသာ နှလုံးသွင်းလျက် ဝေနေယျတို့အား စောင့်လေ့ရှိသော ရတနာပူရ အင်းဝရွှေမြို့တော်ကြီးရှင် အကြည်တော်သည် သတ္တဝါတို့တွင် သမ္မာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိ နှစ်ပါးရှိသည်တွင် မိစ္ဆာဓလေ့တို့မှာ သံသာရာမကုန် စက်ဝဋ်တရားမပြတ်သော အမှုများကြောင့် ဇာတိဖြစ်လျက် ရမ္မက်မကွာ ခန္ဓာရုပ်နာမ် အဖန်တလဲ မြဲသောသတ္တိ ခိုင်ခံ့ခြင်း၊ သမ္မာပညာ သူတော်ကောင်းတို့သော်ကား တယော ဘဝေ စသော ဝဋ်သုံးဘုံကိုမြင်သဖြင့် တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန် တရားနှင့် တပ်သောတဏှာ၊ သမုဒယသစ္စာ၊ စွဲရာကုသိုလ်၊ အကုသိုလ် ထိုနှစ်ပါးကို ကင်းစေ၍ ကာယသုခ၊ စိတ္တသုခ ကိုသာ ခံစားနေသော ပုဂ္ဂိုလ်မြတ်ထံ သန့်ရှင်းသော ပစ္စည်းလေးပါး ပေးလှူခဲ့ဖူးသော အကျိုးထောက်ပံ့လေရာ လောကီစည်းစိမ် နေရိပ်ပမာစင်ကိုလျက် အကောင်းထင်မှား တရားလွတ်ချေလျင် အလာအပြန် မိစ္ဆာဉာဏ်မကင်း အလင်းသို့မရောက် ဝဲအောက်တွင်သာ လူလားပန္နက် ကျိန်စာရွက်သို့ မပျက်ခန္ဓာ သံသရာ၌ မိစ္ဆာတို့အယူမြဲကြောင်း သူတော်ကောင်းတို့ဆိုခဲ့သော ကျမ်းဂန်ကိုသိ၍ ရက္ခပူရတိုင်း မြောက်ဦးမြို့ပြည်သူတို့သည် အမျိုးဇာတ်တူ အယူမခြား တရားညီကြလျက် မသမ္မာသောအမှု မပြု မလျော်သည်ကို ကျင့်ကြံကြောင်းကြားသိ၍ သာသနာမရိမှေးသင့် ပြသဆုံးမမည်လာခဲ့ရာ အကြည်တော်လည်း မင်းသမ္မာတို့တရားနှင့် မြဲမြံစွာ သတ္တဝါအပေါင်းကို စောင့်ထိန်းကြောင်းကို အမတ်ဥဿလင်းစား တင်လျှောက်ချက် အတိုင်းသဝဏ်စာတွင်လည်း သူတော်ကောင်းတို့အင်္ဂါ ပြည့်စုံစွာပါလာသည်။ တရားလိမ္မာ သာသနာတော်ကို သိမြင်တတ်သော မင်းချင်းဖြစ်၍ ဓမ္မသဝန စည်းဝေးပြောဆိုကြလျှင် သာသနာတော်ပွင့်လင်း သီတင်းအရှည် စည်ထွန်းမည့်အကြောင်းကို ကြားလိုက်သည် အကြည်တော်။

မြန်မာစာ ညွန့်ပေါင်းကျမ်း ပထမတွဲမှ ကူးယူပါသည်။
21 Aug 2010

0 မှတ်ချက် :

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.