2010/08/23

အရှင်ဇယန္တဘိဓဇဆို၊ ရေလားရတုပိုဒ်စုံ

(၁) ကြူးလှရှည်၍၊ နေခြည်အုံ့ပျ၊ လေဝန်းထလျက်၊ မြစ်မသာဟန်၊ ရေလျဉ်ထန်မှာ၊ ကြင်ရန်ဖော်မဲ့၊ ပါပါခဲ့မူ၊ အံ့ဖွယ်စတေ၊ မြော်ရတေလိမ့်၊ ရေလည်းဖတ်ဆွတ်၊ ပြင်ကျွန်းထွတ်ဝယ်၊ ညှာဝတ်သောက်ယူ၊ သောသောအူမှ၊ ဗျိုင်းဖြူကဝဲ၊ ဝမ်းဘဲကကြော်၊ စင်ရော်ကျာကျာ၊ ရွှေဟင်္သာလည်း၊ နွှဲကာစုံပေါင်း၊ ရိပ်ခိုအောင်း၍၊ တပျောင်းချိုချို၊ မယ်ညိုသံလေး၊ ရင့်ကာကြွေးလျက်၊ ပဲထွေးရေးကြက်၊ ကရဝက်က၊ ဝံလက်သောင်တင်း၊ ရွှေပိန်ညင်းလည်း၊ သာချင်ထူးထွေ၊ ကျူးသံခြေနှင့်၊ ငွေအရည်ရောင်၊ ပြင်ကျွန်းသောင်၌၊ မောင်နှံနှစ်ကိုယ်၊ ချစ်သံဆို၍၊ ရွယ်ပျိုချောညို့၊ စောမယ်တို့ဟု၊ တချို့ကပျံ၊ သိုက်နန်းစံလျက်၊ မြစ်ယံရေလှိုင်း၊ ကျွန်းနှင့်ကိုင်းသည်၊     ၊ မှုန်မှိုင်း ဝေရီရီသကား။

(၂) ဖူးစစည်၍၊ နွေလည်တန်ခူး၊ သင်္ကြန်ဦးတွင် ရွှင်မြူးကြလျက်၊ ရေအချက်မှာ၊ လှော်တက်ကိုင်မြောက်၊ ယိုလေးကောက်၍၊ နှုတ်ထောက်ရင့်အေး၊ တခြေးခြေးနှင့်၊ ဟိန်လေးဟိန်းလာ၊ အေးဟေးလာဟု၊ ကြော်ငြာသောင်းသောင်း၊ ပဲ့တင်ချောင်းမျှ၊ သံညောင်းထွေလာ၊ သူ့ထက်ငါလျှင်၊ ရေမှာအလိုက်၊ ပျော်ပိုက်အစင်း၊ ယကွင်းဒိုင်းဝန်း၊ မီးထွန်းလုပ်နည်း၊ ဆူးစည်းချသန်း၊ မြားတန်းတစ်လိုက်၊ တုံးတိုက်ကျမ်းငင်၊ ဘုရင်ချီထောင်၊ စာလောင်ရစ်ဖွဲ့၊ ငါးစသွဲ့နှင့်၊ ယက်သဲ့တခြား၊ စန္ဒားကွန်စွန့်၊ လက်တွန့်လင်းပက်၊ ပိုက်လက်မတန်း၊ သားဆန်းတကြယ်၊ ပလိုင်းလွယ်လျက်၊ ရေဝယ်ပျော်မြူး၊ ခုံတိုင်ဦးတို့၊ သန်းကူးယှက်တင်၊ ကောင်းလှေလျင်မှာ၊ ဒေါင်ဒင်ဆော်ဆော်၊ လပိုင်ခေါ်၍၊ တကြော်ကျူးကျူး၊ အဲအန်ထူးလျက်၊ အံ့မူးဖွယ်ပင်၊ ရေသဘင်မှာ၊ ဆွဲငင်တက်သက်၊ အုတ်ကျက်မညံ၊ မြစ်လုံးလျှံမျှ၊ သံမဆိတ်ဘဲ၊ တသဲသဲထိ၊ တစ်ပွဲတစ်လမ်း၊ ကြိုးပမ်းဖြဖြ၊ လုံ့လစွမ်းရည်၊ ပျောက်ကြိုက်သည်တွင်၊ မိုးစည်ငြိမ့်ငြိမ့်၊ တန်ခိုးနိမ့်လျက်၊ လွှမ်းစိမ့်ဝေမှိုင်း၊ အုံ့ကာဆိုင်းသည်၊      ၊ မုန်တိုင်း လေစီစီသကား။

(၃) ကျူးကြမြည်၍၊ ဖွေနည် ဆန်းပြား၊ ရေငှက်များတို့၊ စကားလူလို၊ နှုတ်သံချိုနှင့်၊ အဖိုအမ၊ နွှဲစကြလျက်၊ ချလည်းတညီ၊ ချီလည်းမကွာ၊ နတ်စောင်းသာသို့၊ တံတျာတံတျော၊ ရှုတိုင်းမောမျှ၊ သောသောအုတ်အာ၊ လူးလာသွက်လှယ်၊ ရှုတိုင်းမောမျှ၊ သောသောအုတ်အာ၊ လူးလာသွတ်လှယ်၊ သွယ်သွယ်ပျံသန်း၊ မျှော်သူပန်းအောင်၊ သိုက်နန်းခိုဝင်၊ တောင်တွင်လည်ယှက်၊ ဝတ်ရက်ချီယူ၊ ချော့ကာမူ၍၊ ရင့်ရူသံညင်း၊ ဖော်ငယ်ချင်းရို့၊ မယ်မင်းတို့ဟု၊ နှစ်လို့ထွေငေါ်၊ တကြော်ကြော်နှင့်၊ ဘော်သာခွာရောင်၊ ငွေသဲသောင်၌၊ မောင်နှံစုံပူး၊ ယှဉ်ကြမြူး၏၊ သူထူးတလည်၊ လေပြည်ညင်းညင်း၊ ဆော်သုတ်သွင်းလျက်၊ ငါးကြင်းဆန်ဆန်၊ ငါးတန်ထွေထွေ၊ လှိုင်းမရေဝယ်၊ ပြတ်ကြွေအူသည်း၊ အံ့ရာပည်းမျှ၊ ဆည်လည်းစုပေါင်း၊ ဝတ်မှုန်လှောင်း၍၊ နှာမောင်းညှာသွယ်၊ ကိုင်းစက်စယ်နှင့်၊ မျောက်နွယ်ရှည်လျား၊ ပန်းပြားညွတ်လူ၊ လိုကျူမြင့်ဆောင်း၊ ဖောင်းလည်းညွှတ်ယိမ်း၊ ပင်ခပ်သိမ်းတို့၊ ရွက်စိမ်းစိုစို၊ ခက်ညိုညိုကို၊ ကြွေလိုကြွေဟု၊ ချိုလေလုက၊ ရှုမညောင်းအောင်၊ သာမျိုးဆောင်ရှင့်၊ သောင်လည်းငွေနှစ်၊ မြစ်လည်းဖန်နှိုင်း၊ ကိုင်းလည်းမြရောင်၊ တောင်လည်းဖီလာ၊ ဆီးကာသန်းသန်း၊  ကျောက်တန်းပေါ်ပေါ်၊ အမော်ခြောင်းခြောင်း၊ ခနောင်းထွေးထွေး၊ ယက်ပြေးစုန်စုန်၊ လျင်ဟုန်သီးသီး၊ ရေစီးဆင့်ဆင့်၊ ကျွန်းမြင့်မြင့်မှာ၊ စွင့်စွင့်လျှံညီ၊ တသီသီနှင့်၊ မျှော်လိုက်တိုင်းသည်၊     ၊ ခုန်လှိုင်း ရေချီချီသကား။

(စာညွှန့်စုအသင်းလူကြီး ဆရာဆိုင်ထံမှ ရသည့်စာ)

0 မှတ်ချက် :

Post a Comment