အရှင်ဇယန္တဘိဓဇဆို၊ တောလားရတုပိုဒ်စုံ
(၁) ကြူးဓွန့်ရှည်၍၊ ရေကြည်ပတ်ယှက်၊ သည်မြိုင်ချက်မှာ၊ ကြင်ဖက်မပါ၊ နောင်းတည်းသာလျှင်၊ ရှုရာသွယ်သွယ်၊ စိတ်ဝမ်းငယ်မျှ၊ သွတ်လှယ်တုံ့ခေါက်၊ ကိုင်းခက်ရှောက်လျက်၊ မျောက်ကကြိုးခွေ၊ ချေကရင့်ရူ၊ ဖြူကကြော်သည်း၊ ပြောင်ဆင်ဟည်း၍၊ ဝက်လည်းရုတ်ရုတ်၊ ရှဥ့်ကတုတ်လျက်၊ သစ်ကျုတ်ကျားမင်း၊ သံညင်းဒိန်းဒိန်း၊ ကျားဟိန်းသာရွှင်၊ သမင်ကဟစ်၊ ယုန်ကျစ်ကျစ်နှင့်၊ တစ်တည့်ဆတ်စိုင်၊ ပြိုင်ကအေး၍၊ လွမ်းရေးသွယ်ပုံ၊ သာခန်းစုံမှာ၊ မကြုံလှည့်ဖူး၊ ထွေဆန်းထူးသည်၊ ၊ ပျော်မြူး ရဂုံပေသကား။
(၂) ဖူးညွန့်စည်၍၊ မြရည်အဟန်၊ မြိုင်တော်ဌာန်၌၊ နွေသန်မြိတ်တွင်း၊ ပန်းသင်းသင်းနှင့်၊ ညင်းညင်းလေပြည်၊ ဆီးကြည်ကြည်မှာ၊ ရွှေလည်ရစ်နွှဲ၊ တသဲသဲတည်း၊ ဝဲကာမြူး၍၊ ကျူးလှည့်သောသော၊ ရွှေဥသြနှင့်၊ ကြက်တောကြော်ကြော်၊ ဖိုမခေါ်လျက်၊ ငှက်တော်ကျည်ကျည်၊ ခေါက်ရှာမြည်က၊ ရွှေပြည်စိုးတည့်၊ သာနိုး၏ဟု၊ ကိုယ့်မည့်ပီပီ၊ ငှက်ဇီဝဇိုး၊ တောလျှိုးသံကြီး၊ ကျီးကအိုးအာ၊ လင်းပြာညည်းညည်း၊ တချည်းချည်းနှင့်၊ ဒေါင်းလည်းအိုးဝေ၊ စုံမြိုင်ခြေမှာ၊ တျာတေသံလေး၊ ရင့်ကာကြွေးလျက်၊ အေးငယ်တို့လား၊ မယ်တို့လားဟု၊ သာဖြားသွေးချို၊ ချစ်ဖွယ်ဆို၍၊ နှစ်ကိုယ်ယှဉ်ပူး၊ ရွှင်ကြမြူးသည်၊ ၊ ခေါ်ထူး အစုံပေသကား။
(၃) ကျူးကွန့်မြည်၍၊ မိုးစည်ညုန်းညုန်း၊ တအုန်းအုန်းတည့်၊ တစ်ချုန်းပတ်ခြိမ့်၊ တနိမ့်နိမ့်နှင့်၊ ယိုလိမ့်ဘနန်း၊ သက်တင်ရန်းလည်း၊ နီမြန်းစွေးစွေး၊ ဝိုက်ကာကွေးလျက်၊ ဒွေဘော်စုံနှော၊ တောင်နှင့်တောသို့၊ ရွက်ကြောညှာနု၊ ခါမလုဘဲ၊ ရတုဆန်းထွေ၊ စမ်းရေကျောက်စက်၊ စိမ့်သွက်သွက်တိ၊ ဧမြက်ကြည်ကြည်၊ နတ်ဆည်ကန်ဝှမ်း၊ စုံရိပ်ချမ်းဝယ်၊ တမ်းလွမ်းသာခေါင်၊ တောင်လည်းသာဆန်း၊ ပန်းလည်းမွှေးမွှေး၊ ငှက်ကျေးစုံတူ၊ တအူအူနှင့်၊ ရင့်ရူရုန်းရုန်း၊ ပိတုန်းဝဲကွန့်၊ မြိုင်ယံဝှန့်တွင်၊ ညှာညွန့်သွယ်သွယ်၊ ဝတ်ရက်သယ်၍၊ မောင်မယ်တို့လေး၊ မယ်တို့အေးဟု၊ ဟာလေးဟေဟာ၊ ချစ်ပျူငှာနှင့်၊ ထွေရာဆန်းပြား၊ မြင်လှည့်ငြားက၊ ဝမ်းပါကြည်နူး၊ ဆွတ်ပျံ့ပျူးသည်၊ ၊ မြော်ဖူး မကြုံလေသကား။
0 မှတ်ချက် :
Post a Comment