မြန်မာသက္ကရာဇ် ၁၅၂ ခုနှစ်တွင် ရခိုင်ပြည်၌ ဝေသာလီ ကျောက်လှေကားမြို့ကို တည်ထောင်စိုးစံတော်မူသော မဟာသူရိယတဉ္စန္ဒရာ မင်း၏သားတော် သူရိယတဉ္စန္ဒရာ အိမ်ရှေ့မင်းသားသည် ခမည်းတော် အမိန့်အရ ဘင်္ဂလားနယ်သို့ စစ်ချီရာ ပသီကုလားမင်း သူရတန်၏ သမီးတော်နှစ်ပါးကိုရ၍ ရုတ်တရက် နေပြည်တော်သို့ မပြန်လည်သည်နှင့် အိမ်ရှေ့မိဖုရား စောပြည့်ညိုက ရေးပို့သော ရခိုင်ပညာရှိတစ်ဦးရေး ရတုပိုဒ်စုံ (၃) ပိုဒ် (သျှိုးလိုက်၊ ရှင်လောင်းလှည့် ရတုအသွားမျိုး)
(၁) သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွမ်းပင်မြင့်စည်၊ ကြာရှာတာအကူး၊ ၊ တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လေမြူးက။ ပြိုက်သွယ်နူး စီးသွယ်ဖြာ၊ ၊ မတတ်သာချေ၊ ဤထွေထွေကို၊ ကြည့်လေသမျှသာတည့်။ ပင်တိုင်းမှာ၊ ညှာရွက်ကြွေ၊ ၊ လေပြင်းခတ်လစ်၊ ပုရစ်ဝေဝေနှင့်။ ငှက်ရွှေမောင်နှံစုံ၊ ၊ နွှဲလည်ချင်းယှက်၊ ပန်းနှစ်ခက်ကို၊ ယူလျက်နှုတ်ဝယ်ငုံ၍။ စာခွံ့တုံ ရွှင်နှစ်လို့၊ ၊ တစ်ထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို၍။ ဤသို့ချစ်ဖွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊ ၊ ငြမ်းလိုအညီ၊ မိဂသီပင်၊ ရှေ့ဆီမြင်သော်၊ စက်ခွင် မယောင်ယမ်းခဲ့။ ထောက်လှမ်းမစာနာ၊ ၊ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလေဟန်မူ၊ သူရတန်*မင်း၏သွေး၊ ၊ဒန်ရမာစာလီ*၊ ဒူရဘီ*နှင့်၊ ချစ်ညီတူရေးကို။ နောက်မေးမလျှောက်လို၊ ၊နေလည်းနှစ်ဆင့်၊ နှစ်ပွင်စုံညီ၊ မဒ္ဒီရှေးအဟိုဘို့။ ကျွန်းတောင်ညို လောကဓာတ်၊ ၊မဇ္ဈိမာ၊ ယင်းကဖြာသည့်၊ ရာဇာမျိုးရိုးမြတ်၏။ ဆက်မပြတ်သိမ်းယူခံ၊ ၊ဘီကအထက်၊ နွယ်မပျက်သည်၊ ကနက်ဖြန့်ကာစံ၏။ ရှစ်တန်ပလ္လင်ရိုး၊ ၊ဘိုးကဆက်ခံ၊ ဖနန်းစံသည်၊ နန်းရန်တို့အမျိုးတည်း။ ကတိုးအနံ့လို၊ ၊သင်းပျံမွှေးကြိုင်၊ ရှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြှုပ် ထိုထက်။ ပြည်နဂိုရ်ဝေသာလီ၊ ၊ဓညနှစ်ခန်း၊ နှစ်ပြည်မြန်းသည်၊ ထီးနန်းအလီလီတည့်။ မျိုးသာကီစဉ်မပျက်၊ ၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်ရိုးဆက်၏။ မယှက်မနှောပြီ၊ ၊ ရှစ်သောင်းအချာ၊ ဆက်ကာစိုးစံ၊ နန်းရန်မယ့်ဌာနီသို့။ ရာသီမစွန်းခင်၊ ၊ အောင်စည်ရွှမ်း၍၊ စက်ပန်းဖြန့်စေချင်သည်၊ ၊ နောက်ခွင်ကြာလွန်းစွတကားလည်း။
(၂) နောက်ခွင်ကြာလွန်း၊ ရာသီစွန်းလျှင်၊ ရစ်သန်းလှည့်ကာ၊ ရှစ်ဖြာအုံလာကြိုး၊ အာကာတိမ်းညွတ်၊ ပြိုလတ်ဘိသွင်၊ မယ်လျှင်လက်ကိုမိုး၍။ ကြောက်စနိုး ညှိုးမျက်နှာ၊ လက်ရွှေဖြန့်ထား၊ သိကြားကိုလျှောက်မှာ၏။ တောင်ညာမဟေ့သွေး၊ ၊နှစ်ပါးမောင်စုံ၊ ဘုန်းရိပ်လှုံသည်၊ ပဒုံကြာနံ့မွှေး၏။ ချစ်ကြွေးမတင်ခင်၊ ၊ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်တုန်းကပင်တည့်။ ဖနတ်ရှင်လောင်းဘုရား၊ ၊ခြားဝမ်းမကွာ၊ ရင်းချာမောင်နှစ်ပါးကို။ ပေးမြားစုလျားတင်၊ ၊လက်ထက်ရေသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင်ဆင်၍။ ချစ်ကြိုးမျှင်ခွေရစ်ပတ်၊ ၊ နဝရတ်စီ၊ သိင်္ဂီအိမ်ရှေ့နတ်နှင့်။ စိန်ခြယ်သတ်အလယ်တွင်၊ ၊မောင်းမမြားမြောင်၊ တစ်ထောင်မက၊ စံကြတုန်းကိုပင်တည့်။ သုံးနှစ်ခွင်ရာသီမှာ၊ ၊ကုလားနေပြန်၊ သူရတန်က၊ အားအန်ပြတုံလာ၍။ ဘဏ္ဍာဆက်မသွင်း၊ ၊ဥပရာဇရှင်၊ မယ့်ထိပ်တင်ကို၊ အလျင်ချီစေလျှင်းဟု။ သောင်းတွင်းဇမ္ဗူပိုင်၊ ၊အာဏာမိန့်မြတ်၊ ဖမင်းနတ်က၊ အမတ်တစ်ထောင်၊ မြားမြောင်လက်နက်ကိုင်နှင့်။ တောင်မဏ္ဍိုင်ပြိုခမန်း၊ ၊ ဆင်မြင်းစစ်ခြေ၊ ပဲ့တင်ဝေသည်၊ ဤမြေသိမ့်သိမ့်ကျန်းမျှ၊ နန်းအိမ်ရှေ့သခင်၊ ၊နတ်တော်ကမူ၊ စတူရပါဒ်၊ နက္ခတ်အထွန်း၊ ကျီးကန်းတာရာ၊ ဟင်္သာအထွက်၊ စစ်တက်ချီသည်လျှင်တည့်။ နောက်ခွင်မောက်သူဇာ၊ ၊ခရိုင်တစ်လွှား၊ အပိုင်စားသည်၊ စကားသုံးကြိမ်ကြာခဲ့။ တောင်တာကိုချင့်တွက်ပြန်၊ ၊မယ့်ဘို့စံမြန်း၊ ရွှေဘုံနန်းနှင့်၊ ဂဏန်းသင်္ချာ၊ ယူဇနာမူ၊ နဝါဒသမှန်၏။ လျင်မြန်ပြန်စေကြောင်း၊ ၊ ဆုတောင်းဆုယူ၊ သိမ့်သိမ့်ဆူသည်၊ ရှင်*လူများအပေါင်းတည်း။ နန်းလောင်းမယ့်သခင်၊ ၊အောင်ပန်းစိုက်ထောင်၊ ဘုန်းခေါင်ပြန်စေချင်သည်၊ ၊ လျှောက်တင်ကာပန်းစွတကားလည်း။
(၃) လျှောက်တင်ကာပန်း၊ ရာသီဆန်းလျှင်၊ နန်းမြင့်အောင်မြေ၊ ဆယ့်နှစ်ထွေရစ်သန်းမြူး၊ ၊မောက်သူဇာ*သည်၊ ဒါကာ*ဆိပ်ကမ်းဦးမှာ။ ကျေးဇူးဂုဏ်ရှစ်တန်၊ ၊အမတ်လိမ္မာ၊ ဟိုမြို့ရွာတွင်၊ အာဏာထုံးခဲ့ပြန်မှ။ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ၊ထွက်လျှင်မပြန်၊ မလှန်တို့မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ၊ရိပ်ခြည်အပြင်၊ သက်ခင်သိရင်းပင်ဟု။ ပညာ၁ရှင် ထိန်းအုပ်မှ၊ ၊မြို့ပြကျေးရွာ၊ သာယာစည်ကားလှ၏။ မင်ယောက်ျာ့းဓမ္မတာ၊ ၊မညာမဲ့နက်၊ ဉာဏ်ကစက်သော်၊ ပြည်ထက်မထားရာတည့်။ ရှေးကျမ်းလာထုံစာဟောင်း၊ ၊ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို။ နောက်တစ်ကြောင်းကုလားရွာ၊ ၊အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ စောဓီးထားခဲ့မှာ၏။ ပရာဇာမိန့်တော်မြတ်၊ ၊ဦးထိပ်ရွက်ပန်၊ နန်းရန်အိမ်ရှေ့နတ်ကို။ ရိုညွတ်လျှောက်ထားတင်၊ ၊ရာသီပြောင်း၍၊ မိုးနှောင်းဝါလ၊ ဆောင်းစအကူးတွင်၌။ များဖြင်*စစ်ဗိုလ်ခြေ၊ ၊ထိုမြေအဝက်၊ လက်နက်ထားခဲ့စေဟု။ မြောက်လေးဖြူးလာလျှင်၊ ၊ဖမင်းမိန့်ချက်၊ ဦးထက်ပန်ရွက်ဆင်၍။ ရှေ့လာလျှင်နောက်လည်းကောင်း၊ ၊လုံးပေါင်းရှုမြော်၊ ဉာစ်တော်သာအကြောင်းတည်း။ မင်းလောင်းဥပရာ၊ ၊ကြည်းရေတင်းကျမ်း၊ မြစ်လမ်းနှစ်ဖက်မှာလည်း။ နေ့မချာအထပ်ထပ်၊ ၊ရက်စပ်စေကျွန်၊ ရောက်လှာပြန်သော်၊ အမှန်မယုံလတ်ခဲ့။ နောက်ရပ်ပိုင်သခင်၊ ၊ဟေမန်အကျူး၊ ရဲမှူးစစ်အောင်မြင်သည်၊ ၊ ရောက်ထင်ကြာ နန်းကတကားလည်း။
(ဤရတုကို ဘားနဒ်ပိဋကတ်တိုက်ရှိ ပေမူမှကူးသည်။ ၎င်းမူ၌ စူလတဉ္စန္ဒရာမင်းဟု ရေးမှားလျက်ရှိသည်ဖြစ်၍ ကင်းဝန်မင်းကြီး ပေမူဖြစ်သော ရခိုင်ရာဇဝင်၊ ဦးပဏ္ဍိရေးသော ဓညဝတီရာဝင်သစ်တို့နှင့် ညှိနှိုင်းတိုက်ဆိုင်ပြီးလျှင် ဤစာခေါင်းကို ရေးထားသည်။)
· *သူရတန်= ပသီဘုရင်ကို သူရတန်ခေါ်သည်။
· *ဒန်ရမာစာလီ
· *ဒူရဘီ= (သူရတန် မင်း၏ ရင်သွေးတော်များ)
· *ရှင်= ရဟန်း။
· *မောက်သူဇာ= ပသီမင်းပိုင်မြို့၊ ဘင်္ဂလားနယ်။
· *ဒါကာ= ပသီမင်းပိုင်မြို့၊ ဘင်္ဂလားနယ်။
· *များဖြင့် (ပေါရာဏ)= အများ။
မြန်မာစာညွန်းပေါင်း၊ ပထမတွဲ။ အခန်း ၂။ ပိုဒ်- ၁၀။ နှာ- ၁၁၊ ၁၂၊ ၁၃။
မြန်မာစာညွန်းပေါင်း၊ ပထမတွဲ။ အခန်း ၂။ ပိုဒ်- ၁၀။ နှာ- ၁၁၊ ၁၂၊ ၁၃။
0 မှတ်ချက် :
Post a Comment