ဝင်းဖန့်ဖန့်နှင့်၊ ကန့်နန္ဒာနှယ်၊
သာမျိုးကြွယ်လျက်၊ သွယ်သွယ်ပန်းစုံ၊
ဂုဏ်ပွဲဆုံသား၊ ရဂုံသာမော၊
ဤသည့်တောဝယ်၊ လွမ်းဇော- စိတ်ကို၊
ဖြေမလိုနှင့်၊ တကိုယ်လှမ်းခဲ့၊
နွမ်း၍နဲ့သည်၊ ၊ အို- ဘယ့်သက်ဝေ ချစ်သက်ဝေ။
၂။ ချစ်သက်ဝေ၊ ၊ ထွေထွေဆန်းအင်၊
ပန်းသဘင်တွင်၊ လန်းရွှင်မြူးကွန့်၊
ဂုဏ်တင်းလွန့်လျက်၊ ညွန့်ညွန့်ယှက်သွယ်၊
ယဉ်ကြောင်းချယ်၍၊ ပျံ့လှယ်ထုံကဲ၊
ပွင့်ကာနွဲသား၊ ရဲရဲနီနီ၊
ရွှေနှင်းဆီလျှင်၊ "မဒီပြာမြူ၊
သွယ်နွဲ့သူ၏၊ မွေးကြူနှုတ်ဖျား၊
မို့မို့ပါးမှာ၊ ပြိုင်ရှားရည်ရှင်၊
သွားလွယ်နီမြန်း၊ အံ့မွမ့်ဆိုသည်၊ ၊ အို- ဘယ့်သက်ဝေချစ်သက်ဝေ။
၃။ ချစ်သက်ဝေ၊ ၊ လေပြေဖြေးဖြေး၊
တဧဧနှင့်၊ ဆော်သွေးဝှေ့ယူ၊
သော့ခါမူဝယ်၊ ကြာဖြူကြာနီ၊
များစုံစီတို့၊ သီသီနွဲ့ကာ၊
ယိမ်းငဲ့ကာဖြင့်၊ လှဲ့ကာမောင်သို့၊
မြွက်ဟမြို့ရှင့်၊ "နှစ်လို့မျက်ချယ်၊
လှသက်လှယ်၏၊ ချောသွယ်လည်တံ၊
ယှဉ်မစံသား၊ ကြာကံထက်သင်း၊
ကြော့ကြော့ရှင်း"ဟု၊ ကောင်းတင်ဂုဏ်ကို၊
ချီးအံ့ဆိုသည်၊ ၊ အို- ဘယ့်သက်ဝေ- ချစ်သက်ဝေ။
၎။ ချစ်သက်ဝေ၊ ၊ ထွေထွေသင့်ပျံ့၊
ဆင်းရနံ့နှင့်၊ ဝင်းလျှံ့ရောင်ဖြာ၊
ရုဇနာစွယ်တော်၊ ဂုဏ်မော်သဇင်၊
ဂမုန်းအင်းက၊ ကြိုင့်ရွှင်နှင်းပန်း၊
ဆွတ်ဆွတ်လန်းတို့၊ ဆန်းဆန်းလည်လည်၊
မိန့်ကြသည်မူ၊ "ရုပ်ရည်မောင့်ချစ်၊
မြူသနစ်မှာ၊ တင်ပြစ်မစက်၊
လဲ့လဲ့ညက်၍၊ အံ့ချက်မကုန်၊
သို့သည်ဂုဏ်နှင့်၊ ပြည့်စုံသကိုဝ်၊"
ချီးမွမ့်ဆိုသည်၊ ၊ အို-ဘယ့်သက်ဝေ-ချစ်သက်ဝေ။
၅။ ချစ်သက်ဝေ၊ ၊ ဝေဝေစိမ်းမြ၊
ရှိမ်းရှိမ်းပလျက်၊ ထိမ်းမသဘင်၊
စည်းဝေးယင်သား၊ ရွက်ရှင်ညွန့်ကိုက်၊
လေသိမ်းကြိုက်တွင်၊ သိုက်မြိုက်ညီညာ၊
ပြောသည်မှာကား၊ "မဟာဆန်သူ၊
ကက္ကရူ၏၊ သွင်မူသွေးကြော၊
မြရည်လောဟု၊ ထင်မောကျွန်တို့၊
လွန်နှစ်မြို့ခဲ့၊ အသို့ကံနှယ်၊
ဖန်ချယ်လှယ်၍၊ စံဘွယ်လွင့်ပြို၊"
ချီးအံ့ဆိုသည်၊ ၊ အို-ဘယ့်သက်ဝေ- ချစ်သက်ဝေ။
၆။ ချစ်သက်ဝေ နက်ရွှေအရောင်၊
ပိတုန်းမောင်တို့၊ ပြုံးယောင်ရွှင်မော၊
တော်ခြင်းနှောလျက်၊ ပန်ကြောဝတ်ရည်၊
သုံးခဲ့လည်၍၊ မြည်ကြသည်မှာ၊
"လှကလျာ၏၊ ကောသာမျက်လုံး၊
မျက်ခုံးမျက်တောင်၊ ဘက်စံ့ရှောင်သား၊
အရောင်ဝင်းဝင်း အခေါင်ချဉ်း၍၊
ဆောင်တွင်းရိပ်ကြာ၊ ကညာနတ်လော၊
မှတ်ထင်မောခဲ့"၊ နွှဲချောသူကို၊
ချီးမွမ့်ဆိုသည်၊ ၊ အို-ဘယ့်သက်ဝေ- ချစ်သက်ဝေ။
၇။ ချစ်သက်ဝေ၊ ၊ကြင်ဆွေဘော်နှော၊
ပင်မြကြောဝယ်၊ ဥသြ- သာရြာ၊
သာလိကာတို့၊ ကူးကာမြူးကာ၊
ထူးတည့်ကာဖြင့်၊ ကြူးကာတလီ၊
နှုတ်သံချီလျက်၊ ကရီကရီ၊
သီဖွဲ့သီချင်း၊ ခင်းကြသည်မှာ၊
"ယဉ်ကလျာ၏၊ သံသာနှုတ်မူ၊
တကြူကြူနှင့်၊ စံတူကင်းဝေး၊
ဘဝင်ဧ၍၊ ကြင်ရေးပိုမို၊"
အံ့ပြောဆိုသည်၊ ၊အို-ဘယ့်သက်ဝေ-ချစ်သက်ဝေ။
၈။ ချစ်သက်ဝေ၊ ၊ ရွှေဖလ်ရဝိန်၊
နှုတ်ခွန်းချိန်၍၊ ရောင်ရှိသိမ်းကာ၊
မြန်းကြွခါသော်၊ စိန်တာရာခ၊
စန်းငွေလလျှင်၊ ကြယ်မျာ့သိန်းသန်း၊
ရံခဝန်းလျက်၊ ထပ်ဆန်းအသစ်၊
ပြောသည်ဖြစ်မူ၊ "ကောင်းနှစ်မြုတေ၊
အသရေနှင့်၊ ရှုလေယဉ်လေ့၊
ပြုံးစေ့စေ့နှင့်၊ နုံးတွေ့မတူ၊
ဝင်ကြည်သူ" ဟု၊ သွယ်မူချောကို၊
အံ့-သြ-ဆိုသည်၊ ၊အို-ဘယ့်သက်ဝေ- ချစ်သက်ဝေ။
၉။ ချစ်သက်ဝေ၊ ၊ ဘဝေဘဝါ၊
စေတနာထင့်၊ ကညာနန်းမူ၊
လှဒါရူကို၊ တ-ရူ-သူသို့၊
ချီးအံ့မြို့သော်၊ ဆို့-ခဲ့-ဗျာပါ၊
မောင့်သည်းချာမှာ၊ ပြောပါမည်ဝေး၊
တရေးရေးနှင့်၊ မျှော်တွေးရော်ရမ်း၊
လောင်ကြွေကျွမ်းမျှ၊ လျှမ်းလျှမ်းပူပြီ၊
မိန်းမှိုင်သီ၍၊ မှိုင်းရီဘဝင်၊
ညှိုးလျတင်ခဲ့၊ မြင်-သက်-မိကို၊
လွမ်းဆင့်ပိုသည်၊ ၊ အို-ဘယ့်သက်ဝေ-ချစ်သက်ဝေ။
မောင်အေးမောင်
ဂန္ထလောက ၁၂၉၄-ခု၊ တော်သလင်းလ။
0 မှတ်ချက် :
Post a Comment